ဂျပန်ငွေစက္ကူ ယန်း၁၀၀၀၀တန်ပိုက်ဆံအသစ်ပြောင်းလဲခြင်း

ဂျပန်ငွေစက္ကူ ယန်း၁၀၀၀၀တန်ပိုက်ဆံအသစ်ပြောင်းလဲရန် စတင်ပုံနှိပ်

ဂျပန်မှာ နှစ်‌ပေါင်း၂၀မှာတစ်ခါ ငွေစက္ကူပုံစံအသစ်ပြောင်းလေ့ရှိတဲ့အတွက် ဂျပန်ငွေစက္ကူ ယန်း၁၀၀၀၀၊ ယန်း၅၀၀၀၊ ယန်း၁၀၀၀တန်ပိုက်ဆံများကို ၂၀၂၄ခုနှစ်မှာ စတင်ပြောင်းလဲတော့မှာ ဖြစ်ပါတယ်။ ဘာလို့ပြောင်းလဲတာလဲဆိုရင် ပိုက်ဆံအတုတွေနည်းအောင်အတွက်ပဲ ဖြစ်ပြီး အဲ့လိုငွေစက္ကူပုံစံတွေပြောင်းတဲ့အခါမှာလည်း ပိုက်ဆံပေါ်မှာပါတဲ့သူတွေကိုပါ ပြောင်းလေ့ရှိပါတယ်။ ဘယ်လိုလူတွေကိုထည့်ပြီး ပုံနှိပ်လဲဆိုရင် နိုင်ငံကိုကိုယ်စားပြုတဲ့ နာမည်ကြီးတဲ့နိုင်ငံရေးသမား၊ စီးပွားရေးသမား၊ အနုပညာရှင်တွေကို ထည့်ပြီးပုံနှိပ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်ယန်း၁၀၀၀၀တန်ပိုက်ဆံမှာ ပြောင်းလဲပုံနှိပ်လိုက်တဲ့သူကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀လောက်ကတည်းက ဂျပန်မှာ ဘဏ်တွေကုမ္ပဏီတွေကိုတည်ထောင်ခဲ့တဲ့ Mr.Eiichi Shibusawa ရဲ့ ပုံပဲဖြစ်ပါတယ်။ အရှေ့မျက်နှာစာမှာတော့ Mr.Eiichi Shibusawa ရဲ့ ပုံဖြစ်ပြီး နောက်ဘက်ခြမ်းမှာတော့ တိုကျိုဘူတာရဲ့အဆောက်အဦးပုံကိုထည့်ထားပါတယ်။

ပိုက်ဆံအသစ်ကို အတုလုပ်လို့မရအောင် ပိုကောင်းမွန်တဲ့ နည်းပညာအသစ်ကို သုံးထားပြီး ပိုက်ဆံကိုနည်းနည်းစောင်းကြည့်လိုက်မယ်ဆိုရင် Mr.Eiichi Shibusawaရဲ့ပုံက ရွေ့နေတယ်လို့ ထင်ရအောင် လုပ်ထားပါတယ်။ အကောင်းဆုံးအချက်အနေနဲ့ကတော့ အမြင်အာရုံချို့ယွင်းနေတဲ့သူတွေဟာ ပိုက်ဆံကို ကိုင်လိုက်ယုံနဲ့ ဘယ်လောက်တန်မှန်းသိအောင် ပိုက်ဆံမှာ အဖုအထစ်လေးတွေထည့်ပြီးလုပ်ထားပါတယ်။

အခုလက်ရှိပိုက်ဆံကို စတင်ပုံနှိပ်နေပြီး ၂၀၂၄ခုနှစ်မှာ စတင်သုံးသွားမယ်လို့ သိရပါတယ်။